International News

ထိုင်းနိုင်ငံအနေဖြင့် တယ်လန်ဂါနာ (Telangana) ပြည်နယ်နှင့် ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်ခြင်း

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် တယ်လန်ဂါနာ (Telangana) ပြည်နယ်နှင့် အသေးစား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (Mini FTA) မှတစ်ဆင့် ပိုမိုလေးနက်သော ကုန်သွယ်မှုများအား ထူထောင်နိုင်ရန် အတွက် နားလည်မှုစာချွန်လွှာ (MOU) ကို ၁၁.၄.၂၀၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်၏  အဆိုအရ ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင် ရွက်မှုတွင် ဈေးကွက်သတင်းအချက်အလက်နှင့် မူဝါဒအစီအစဉ်များနှင့် လက်တွေ့ဆောင်ရွက်မှု အလေ့အကျင့်များနှင့် ပတ်သက် ၍ အပြန်အလှန် ဖလှယ်ရေးအစီအစဉ်များ၊ စီးပွားရေးကဏ္ဍများအတွက် မူဝါဒရေးဆွဲမှုများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ စက်မှုပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖက်စပ်လုပ် ငန်းများ ထူထောင်ခြင်းတို့ပါဝင်ကြောင်း သိရှိရပါသည်။

ထို့အပြင် ထိုင်းနိုင်ငံနှင့် တယ်လန်ဂါနာ (Telangana) ပြည်နယ်အကြားရှိ SMEs များအပါအဝင် စီးပွားရေးကဏ္ဍများ၏ တီထွင် ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်အတွက် လုပ်ငန်းချိတ်ဆက်မှုများနှင့် အစုအဖွဲ့လိုက် ဖွံ့ဖြိုးတိုးတက်မှုများပါဝင် ပါသည်။ Mini FTA  အနေဖြင့် နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ၊ လုပ်ငန်းဆိုင်ရာ အစည်းအဝေးပွဲများ၊ စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲများ၊ ကုန်စည်ပြပွဲများနှင့် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့များ စေလွှတ် ခြင်း၊ တစ်ဖက်စီမှစီစဉ်သည့် သက်ဆိုင်ရာအခမ်းအနားများ၊ နှစ်ဖက်ပူးပေါင်းစီစဉ်သည့် လုပ်ငန်းဆိုင်ရာပွဲများကို လွယ်ကူချောမွေ့ အဆင်ပြေစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

နှစ်ဖက်ပါဝင်သူအသီးသီး၏ Website (သို့မဟုတ်) ဒီဂျစ်တယ်ပလက်ဖေါင်းတို့အား ချိတ်ဆက်ရေး၊ ဉပမာအားဖြင့် ထိုင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ thaitrade.com နှင့် တယ်လန်ဂါနာ (Telangana) ပြည်နယ်၏ Global link တို့အား ချိတ်ဆက်ထားမည်ဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ ပါဝင်သူ Start up များနှင့် SMEs များကို ကမ္ဘာ့အသိုင်းအဝန်းနှင့် ချိတ် ဆက်ပေးရန်ဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းများအနေဖြင့် ဒေသတွင်းနယ်နိမိတ်ကို ကျော်လွန်၍ ကြီးထွားလာစေရေး ကူညီအားပေးရန် ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် တီလန်ဂါနာ (Telangana) အနေဖြင့် ထိုင်းရင်းနှီးမြှုပ်နှံသူများကို  အိန္ဒိယပြည်နယ်တွင် ၎င်းတို့၏ စက်ရုံများထူထောင် ရေး လိုအပ်သောခွင့်ပြုချက်များရရှိစေရန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကုန်ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒေသတွင်းဝယ်လိုအားနှင့် အလုပ်အကိုင်ရရှိမှုကို အမြင့်ဆုံးဖြစ်အောင် ကြိုးပမ်းကာ တီလန် ဂါနာ (Telangana) နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တီလန်ဂါနာ (Telangana) သည် အိန္ဒိယနိုင်ငံ၏ တောင်ဖက် အလယ်ပိုင်းဒေသတွင် တည်ရှိပါသည်။ ၎င်းသည် (၂၈) ခုမြောက် အဖြစ် အသစ်ဖွဲ့စည်းထားသော ပြည်နယ်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့တွင် စတင်၍ တရားဝင်ဖွဲ့စည်းထူထောင်ခဲ့ပြီး လူဉီးရေသန်း (၄၀) ခန့်ရှိကြောင်း၊ ဟိုက်ဒရာဘတ် (Hyderabad) မှာ မြို့တော်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် အဆိုပါပြည်နယ်၏ GDP မှာ အမေရိကန်ဒေါ်လာ (၁၃၂) ဘီလီယံရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွား ရေးသို့ (၅%) ထည့်ဝင်ခဲ့ကြောင်း၊ တီလန်ဂါနာ (Telangana) သည် GDP ထည့်ဝင်မှုတွင် အိန္ဒိယနိုင်ငံ၏ (၆) ခုမြောက် အကြီးဆုံး ပြည်နယ်ဖြစ်ကြောင်း၊ ယမန်နှစ်က GDP တိုးတက်မှု (၂.၄%) ရှိခဲ့ကြောင်း၊ တီလန်ဂါနာ (Telangana) သည် စီးပွားရေးလုပ်ငန်းများ စွာတို့ တည်ရှိသည့် စီးပွားရေးအချက်အချာပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် IT နှင့် ဆေးဝါးထုတ်ကုန်များမှာ ကျော်ကြား လှကြောင်း၊ Cyberabad နှင့် Genome Valley အမည်များဖြင့် လူသိများထင်ရှားကြောင်း သိရှိရပါသည်။

မစ္စတာဂျူရင်က ထိုင်းနှင့် အိန္ဒိယနှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် ယခုနှစ်တွင် (၄-၅%) တိုးချဲ့နိုင်လိမ့်မည်ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘတ်ငွေ (၄၇၄) ဘီလီယံရှိခဲ့ပြီး ၎င်းမှာ ၂၀၂၀ ခုနှစ်ကထက် (၅၅.၈%) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ မစ္စတာဂျူရင်၏ အဆိုအရ တီလန်ဂါနာ (Telangana) အပြင် Maharashtra၊ Karnataka ၊ Kerala ၊ Gujarat  ၊ Assam စသည့်ပြည် နယ် (၅) ခုနှင့်လည်း အလားတူ Mini-FTAs များ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် Mini FTAs များကို  အခြားနိုင်ငံများနှင့်လည်း  လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဂျပန်နိုင်ငံအလယ်ပိုင်းရှိ Cofu မြို့ တော်နှင့်လည်းကောင်း၊ တရုတ်နိုင်ငံရှိ  ဟိုင်နမ်ပြည်နယ်နှင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဧပြီလ (၂၇) ရက်နေ့တွင် တရုတ်နိုင်ငံ Gansu ပြည်နယ်နှင့် Mini FTAs လက်မှတ်ရေးထိုးရန် စီစဉ်ဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: International News